ပြိုင်ပွဲဝင် နောက်ကျသူများ မိမိပိုင်ဆိုင်ရာ ဘလော့ဒ်များတွင် ဖြေဆိုထားနိုင်သည်။ ဖြေဆိုထားပီးသူများ၊ ဒီဘလော့ဒ်လေးမှာ လာပီး အကြောင်းကြားပေးပါရန်။ ဒီနေ့ဟာဖြင့် ကျွန်တော် ချစ်သူများနေ့ကိုနွှဲလာတဲ့ ၂၁နှစ် မြောက်နေ့လေးပါ။ ခုလို အခါသမယမှာ လူတိုင်းဟာ ကိုယ့်ချစ်သူနဲ့ ပျော်မြူးနေချင်တယ်။ချောကလက်လေး စားလိုက်၊ပန်းသီးလေး နွှာကျွေးလိုက် လုပ်နေချိန်မှာတော့ဖြင့် ကျွန်တော်ဟာ အိပ်ငိုက်လို့ကောင်းဆဲပါ။ အဲ့ဒီမှာတင် ကျွန်တော့်ကို ချစ်သူများနေ့ကြီးက လာနှိုးတယ်ဗျ။ မင်းက သူများတွေပျော်နေချိန်မှာ ဘာလို့လာအိပ်နေတာလဲ ထစမ်း ကျက်သရေကို မရှိဘူးတဲ့။ ဘလိုင်းကြီး ကောခံလိုက်ရတယ်။ ဗြုံး ဆို ကျွန်တော် လန့်နိုးလာတယ်။ တော်တော်ဆိုးတဲ့ ချစ်သူများနေ့ ကိုယ့်ဟာကိုယ်တောင် အေးဆေးမအိပ်ရပါလားဆိုပြီး ကျိန်ဆဲလိုက်သေး။ ဒါပေမယ့် မျက်လုံး အဖွင့်တိုင်းမှာ ချောကလက်တို့၊ ပန်းသီးတို့၊ ပို့စကတ်တို့၊ အချစ်နဲ့ ပတ်သက်သမျှ ဘာညာသာရကာတွေတွေ့တော့ စိတ်မကောင်းဘူး။ ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေ အားလုံးနဲ့အတူပျော်ရအောင် အချစ်ဂိမ်းလေး ဖန်တီးလိုက်တာပါပဲ။ အောက်ကျတော့ မခံဘူး။ ချစ်သူနဲ့ဝေးနေပေမယ့် ငိုဝူး။ (မျက်ရည်ပဲ ကျတယ်။) ကျွန်တော့် ဂိမ်းက ဒီလိုဗျ။ ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်... *********************************************************
ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်....
(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။
(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။
(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့် အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို ဘာလက်ဆောင်များပေးကြမလဲ။ အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။
(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့် စာသားလေး အဖြစ်ပြောင်းရအောင်။ ဥပမာ... ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။
အချစ်နဲ့ ပက်သတ်မိသမျှ "လွမ်း" ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် နင် "စေ" သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။
*စည်းကမ်းချက်* ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။
(၂) ချစ်သူ့ အခေါ်ဝေါ်လေး။ ဥပမာ... ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ် ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။
"မောင်" ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။ အ"မျိုး"မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။
*စည်းကမ်းချက်* ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။
(၃) ချစ်သူ့လက်ဆောင်။ လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။ ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။ တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့ ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။
ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။
(၁)တစ်သက်တာ ထာဝရ
(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်
(၃)သုံးနှစ်သုံးမိုး
(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့
(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ
(၆)ခြောက်ကပ်စွာ
(ရ)ခွန်အားတွေ မဲ့ပြီး
(၈)ရှစ်ခွင်နယ်တစ်ခုလုံး
(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်
(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။ အဲ့လိုပေါ့ဗျာ။
*စည်းကမ်းချက်* ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။
.........................................................................................
ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။ ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ် ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။ ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့ တစ်နေ့လုံး အမှတ်ပေးမှာပါ။ အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ် သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။ ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။ အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။ ********************************************************************
ပြိုင်ပွဲဝင်ထားသူများရဲ့ အဖြေလွှာများကို တင်ပြပါ့မယ်။
(၁)ကိုလွမ်းစေ
အဖြေနံပါတ်(၁)
လွမ်းအောင်လို့တော့မထားခဲ့ပါနဲ့ကွယ် မင်းအတွက်ဆို စေညွန်ရာ ပျံဝဲမဲ့လိပ်ပြာလေးတစ်ကောင်ပါ။
အဖြေနံပါတ်(၂)
ကောင်မလေးရေကိုဟာ မောင်လို့ပဲအခေါ်ခံချင်တယ် လွမ်းဖို့ဆွေးဖို့တော့ မဟုတ်ဘူးကွယ် ချစ်ချစ်လို့ အခေါ်မခံရရင်နေ ချစ်နေရရင်ပဲ မင်းစေရာအတိုင်း ချစ်နေမဲ့ ခွင့်လွတ်အချစ်သမားလေးပါ။
အဖြေနံပါတ်(၃)
တစ်သက်လုံးထာဝရအတွက်
နှစ်နှစ်ကာကာချစ်ဖို့
သုံးနှစ်သုံးမိုးလည်း စောင့်နိုင်တယ်
လေးရာသီပတ်လုံးလည်း ချစ်နိုင်တယ်(ဒီမှာ လေးရာသီရှိပါတယ်)
ငါ့ဘဝအတွက်တော့ မင်းဟာနတ်သမီးတစ်ပါးဆိုရင်
ခြောက်သွေ့နေတဲ့ငါ့ရင်မှာ
ခုနှစ်သွယ်ကကြိုးတစ်ကြိုးကခုန်နေသလို
ရှစ်ကြိမ်တိုင်တိုင်(တစ်စက္ကန့်နှုန်း) ခုန်နေတဲ့ရင်ဘက်ကြီးဟာလေ
ကိုးစားရာ မင်းအတွက်
တစ်ဆယ်ကမ္ဘာတစ်ဆယ်သက်လုံးရှင်သန်နေမဲ့နှလုံးသားတစ်ခုနဲ့လူပါကွယ်...။
***********************************************************
(၂)ကိုမောင်မျိုး
အဖြေနံပါတ်(၁)
မောင်ရယ်လို့ မြတ်မြတ်နိုးနိုးခေါ်ခဲ့တဲ့မေက ဘာကြောင့်များ ကိုယ့်ကို အမျိုးမျိုး လှည့်ပတ်အနိုင်ယူသွားရတာလဲကွာ။
အဖြေနံပါတ်( ၂ )
ကိုကို"မျိုး" ဆိုတဲ့ ခေါ်သံလေးကို ကြားချင်ပေမယ့် ကြောင်တောင်တောင်ဖြစ်တတ်တဲ့ ကိုယ့်ရဲ့ စကားတွေကြောင့် ချစ်လေး ခေါ်နဲ့  Nickname က "ကြောင်မျိုး" တဲ့။
အဖြေနံပါတ်(၃)
တစ်ဘ၀စာအတွက် အချစ်တွေအကုန်လုံးမင်းလေးအတွက်သာ
နှစ်ကွပ်တစ်စိတ် ဘဝမျိုးလေးနဲ့
သုံးနှစ်သုံးမိုး ရာသီတွေ ပြောင်းလဲ မဟောင်းတဲ့ အချစ်မျိုး
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ငါးလေးတွေအတွက် ရေရှိမှအသက်ရှင်နိုင်သလို ကိုယ့်အတွက်လဲ မင်းအသက်ရှင်နိုင်မှာပါ ကလေးရယ်
ခြောက်ကပ်ကပ် နဲ့  ငါ့ကမ္ဘာ့ကို မင်းလေး အချစ်မိုးတွေ ရွာသွန်းပေးခဲ့တယ်
ခုနှစ်စင်ကြယ်ကိုလဲ ချစ်သူအတွက်ဆို တက်ခူးဝံ့တယ်
ရှစ်စက္ကန့် တစ်ကြိမ်း ခုန်နေတဲ့ ငါ့ရင်ဘတ်ထဲမှာ တစ်ဒိတ်ဒိတ်နဲ့  ခုန်နေတာ မင်းလေး ကြားနိုင်မလားး
ကိုးကားချက်တွေများလွန်းတဲ့ အချစ်မဟုတ် ရိုးရိုးလေးပဲ ချစ်တယ်
ဆယ်ကမ္ဘာတိုင်အောင် ခိုင်မြဲမယ့် တို့ ရဲ့ အချစ်တွေကို ယုံကြည်ပေးပါ ချစ်သူရယ်။
***********************************************************
(၃)အိုကိစု
အဖြေနံပါတ်(၁)
ချစ်သူ မိုးပေါ်မှာ ပင်လယ်။ မြေကြီးက လသာ။ လကမ္ဘာမှာ " အို" ဇုန်းလွှာပေါက်မှ မင်းကိုမေ့မယ်ချစ်သူ။ ငါချစ်တဲ့ အချစ်ကို "ကိ" လေသာလို့ ပက်ပက်စက်စက်ပြောလိုက်ရင်တောင် မင်းကိုကမ္ဘာပြိုမှ မုန်းမယ်ချစ်သူ။ ငါမှာတော့ "စု"ထားတဲ့ ပိုက်ဆံလေးနဲ့ နက်ဖြန် valentines day အမှီချောကလက်ပြေးဝယ်လိုက်ရတာအမော။
အဖြေနံပါတ်(၂)
"အို" သွားပေမယ့်ချစ်နေတုန်းပါဘဲ။ သူကငါ့ကို "ကိ" လေသာကောင်ကြီးလို့ပြောပေ မယ့်လည်း ငါ "စု" ထားတဲ့အချစ်တွေက သူအတွက်ဘဲ။
အဖြေနံပါတ်(၃)
တစ်ခါထဲဘဲ နမ်းပရစေ
နှစ်ခါမပြောချင်ဘူးချစ်သူ
သုံးမရတဲ့ကိုယ့် ဘဝ
လေးလေး ပင်ပင်နိုင်လွန်းလှတဲ့ မင်းမျက်ဝန်း
ငါးတစ်ကောင်လို သွက်လက်လှတဲ့မင်းခြေလှမ်း
ခြောက်ကပ်လွန်း တဲ့တေးသွားတစ်ပုဒ်
ခွန်အားမဲ့စွာနဲ့ စောင့်နေရတဲ့အဖြေ
ရှစ်ရက်နေ့ မှာပေးမယ်ဆိုတော့
ကိုးကွယ်ရာမဲ့ ငါ့ဘ၀ပျော်ရွှင်ခဲ့ရပြီး
ဆယ်မြောင်းတစ်ခုပမာငါ့ရင်ထဲအိမ်မက်တွေစီးဆင်းခဲ့ရတယ်ချစ်သူ။
***********************************************************
(၄)ကိုကြိးဖြိုးကျော်
အဖြေနံပါတ်(၁)
သူများတွေလိုလက်ဆောင်တွေမပေးနိုင်ပေမဲ့ ငါ့အချစ်တွေ ၀၀ဖြိုး"ဖြိုး"ပေးထားပါတယ်။Valentine Day မှာမင်းဂုဏ်မ "ငယ်" နိုင်ပါဘူးချစ်သူရယ်။
အဖြေနံပါတ်(၂)
"မောင်" နှမကြားမှာရှိတဲ့သံယောဇဉ်ရော..ချစ်သူကြားမှာရှိတဲ့ သံယောဇဉ်နဲ့ မင်းကိုချစ်နေတာပါ။ အ"သဲ" နှစ်လွာကြား မင်းတစ်ယောက်တည်း ထားပါတယ် ချစ်သူရယ်။
အဖြေနံပါတ်(၃)
တစ်ယောက်တည်းချစ်နေလို့
နှစ်ယောက်ဆိုတာ မရှိနိုင်တော့ဘူး
သုံးနှစ်တာကိုကာလလုံး
လေးနက်စွာ ချစ်နေမှာပါ
ငါးတစ်ကောင်လို ကူးခတ် (ဘ၀၀ဲဂယက်မှာ)
ခြောက်လှန့်တက်တဲရောဂါပါလား( အချစ်ဆိုတာ)
ခုနှစ်စင်ကြယ် အမှီးကောက်တဲ့အထိ
ရှစ်မျက်နှာအရပ်မှာ အလွမ်းတွေပြည့်နှက်နေပေါ့
ကိုးမရှိတဲ့န၀င်းပေမဲ့
ဆယ်ကမ္ဘာမရ ချစ်နေရသူပါ... ဆယ့်တစ်မီးမငြိမ်းပေမဲ့ဆယ့်နှစ်နှစ်ကာကာချစ်နေမယ်ချစ်သူရယ်။
*********************************************************************
(၅)ကိုဆိုးသွမ်း (ကိုကျော်လင်းထွန်း)
အဖြေနံပါတ်(၁)
ကမ္ဘာမှာ “ကျော်” ကြားခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေကို ငါလေးစားတယ် ။ ဂုဏ်ရောင် အရှိန်အ၀ါ “လင်း” လက်တောက်ပခြင်း ကင်းစွာနဲ့ ချစ်သူကို ချစ်နိင်ခဲ့ကြတဲ့အပြင် သူတို့ ချစ်ခြင်းတွေဟာ မငြိမ်းသော ဆီမီးတွေလို အမြဲတမ်း “ထွန်း”တောက်နေခဲ့တယ်။
အဖြေနံပါတ်(၂)
ခမ်းနားခြင်းတွေ ကင်းမဲ့....နွေးထွေးတဲ့ လက်အစုံကို ခပ်ရဲရဲ ဆုပ်ကိုင်လာတော့ “အား” အင်တွေ ရှိလာလိုက်တာ။ အရိုးသားဆုံးနဲ့ လမ်းတွေ အတူတူလျှောက်ကြမယ်လို့ ဆိုခဲ့တဲ့ စကားတခွန်းမှာ.... နှလုံးသားတွေ “ငိုင်” ကျသွားလောက်အောင် မေတ္တာသက်ဝင်တယ်။
အဖြေနံပါတ်(၃)
တစ်ကြိမ် တစ်ခါမှ...ဒီလောက်ထိ မချစ်ခဲ့ပါဘူး
နှစ်ပေါင်း မြောက်မြားစွာ လက်တွဲသွားဖို့ စိတ်မှာ အမြဲ ရည်စူးထားခဲ့တဲ့အပြင်
သုံးရာသီ ဆိုတဲ့ အချိန်ကာလလုံးလုံး အလွမ်းတွေနဲ့ အမြဲဖြစ်မြောက်နေခဲ့ရပြန်တယ်
လေးမျက်နှာ ရှစ်ခွင် မင်းနာမည်တွေ အော်ခေါ်လို့
ငါးဖြာသော လက်အစုံနဲ့ ဆုပ်ကိုင်ရင်း
ခြောက်ခြားခြင်း ကင်းမဲ့သော အိမ်မက်တွေ အတူမက်ကြမယ်လေ
ခုနှစ်ရောင် ဖြာသော သက်တန့်ကို မော့ကြည့်ရင်း
ရှစ်ခါမြောက် နမ်းမိသွားတဲ့အခါ
ကိုးကွယ်ရာ ဒီရင်ခွင်ဟာ
ဆယ်နွေလို မပူပြင်းဘူး ဆိုတာ...မင်းသိလာလိမ့်မယ် ချစ်သူရယ်။
*********************************************************************
(၆)တည်ငြိမ်းကို
အဖြေနံပါတ်( ၁ )
ဆောင်းကိုခြွေဖို့ “ နေ ” ရောင်တွေ ချွန်မြကြ … အဲဒီခဏ … အ “ ရာ ” ရာကလှတယ် … ဆောင်းရေ … “ လွတ် ” အောင်ပြေးပါကွယ် … မကြာခင် … ဖေဖော်ဝါရီက အားအင်ခပ် “ များ ” များနဲ့ လာတော့မယ်။
အဖြေနံပါတ်( ၂ )
အသေအချာ “ တည် ” ရှိနေတဲ့ ချစ်ခြင်းမေတ္တာနဲ့ … ပန်းအိုးထဲက “ ငြိမ်း ” ချမ်းရေးနှင်းဆီ … အပြာရောင်နဲ့ထုတ်ပိုးလို့ … ချစ်သူဆီ “ ကို ” လက်ဆောင်ပို့ချင်တယ်။
အဖြေနံပါတ်( ၃ )
တစ်ခါသာစိုစွတ်ခွင့်ရဖို့
နှစ်ပေါင်းများစွာ စောင့်စားရ
သုံးရာသီရဲ့ အလှဆုံးအနမ်းပွင့်လေးကိုပေါ့ …
လေးညို့သံကိုမှ
ငါးတို့မကြားနိုင်သလိုမျိုး …
ခြောက်ကပ်အေးစက်ခြင်းကိုမှ
ခွန်အားကုန်နဲ့ အံတုနေတဲ့ လယ်စောင့်တဲလိုမျိုး …
ရှစ်မျက်နှာအရပ်အားလုံးမှာမှ
ကိုးကွယ်ရာရှာနေရတဲ့ မျက်နှာမွဲပုရွက်ဆိတ်တစ်ကောင်လိုမျိုး … မင်းကိုယ်တိုင်
ဆယ်ယူခဲ့တဲ့ ကျောက်တုံးလေး … လမ်းအိုလေးကို လွမ်းနေတယ်
********************************************************************
(၇)ရွန်းမီ
အဖြေနံပါတ်(၁)
တိမ်စင်လ၀န်း 'ရွှန်း'လဲ့ဝေစဉ် အချစ်ပင်မှာ သူ့ကို မြင်သည်.. 'မီ'အောင် လှမ်း၍ ဆွတ်ချူမည်.. ..
အဖြေနံပါတ်(၂)
'ရွှန်း'ဖြာတဲ့ သူ့အကြည့် စွဲလမ်းမှတ်မိချင်လို့ လက်လှမ်း'မီ'ရာ 'အသည်း'မှာ ရေးထိုးပါသည်။
အဖြေနံပါတ်(၃)
'တစ်'နေတာတွေ အဆင်ပြေစေဖို့
'နှစ်'လိုက်တာ ရေထဲမှာ
'သုံး'လုံးသော လောက်စာလုံးနဲ့
'လေး'ခွ တစ်ဝက် ကို
'ငါး'တွေ လာစားကြတယ်
'ခြောက်'သွေ့တဲ့ ရေအိုင်ဟာ
'ခုနစ်'မရှိတဲ့ လောင်းကစားဝိုင်းလို
'ရှစ်'ခနဲ လောင်ကျွမ်းပြာကျပြီး
'ကိုး'ကွယ်ရာ မဲ့ကြောင်း ပြောတယ်
'ဆယ်'ခြင်းဟာ'ကယ်'ခြင်းလားတဲ့
********************************************************************
(၈)ကိုမင်းကျန်စစ်
အဖြေနံပါတ်(၁)
“မင်း”အတွက် ဆိုရင် တပါးသူအတွက် မ“ကျန်”တော့လောက်အောင်အထိ “စစ်”မှန်တဲ့ ချစ်ခြင်း“ရဲ့” ပျော်ရွှင်ခြင်း “ရသ”ကိုပဲ ပေးစွမ်းရင်း “ကမ္ဘာ”ငယ်လေးတစ်ခု တည်ထောင်ချင်မိတယ်…
အဖြေနံပါတ်(၂)
ပုဂံသမိုင်းမှာ တွင်“ကျန်”ရစ်တဲ့ ဟို“စစ်”သားကြီးလို ရဲဝံ့တည်ကြည်တဲ့ ငါ့ကို “မင်း”ခေါ်လိုက်စမ်းတော့ မောင်ကြီးရေ….. လို့
အဖြေနံပါတ်(၃)
တစ်ခုတည်းသော ရင်ခုန်သံနဲ့
နှစ်ယောက်တစ်ဘဝပေါင်းစပ်ဖို့
သုံးစွဲလိုက်တဲ့ နှလုံးသားကိုအရင်းတည်
လေးနက်စွာနဲ့
ငါးရာနှစ်ဆယ့်ရှစ်ထက် ကျော်မိတာမင်းအတွက်
ခြောက်ခြားစရာတွေ ဖြစ်စေခဲ့သလား
ခွန်အားပြည့်ချစ်ခြင်းတွေနဲ့
ရှစ်ခွင်နယ်တစ်ခုလုံးမှာ
ကိုးစားယုံကြည်ရဆုံး ငါ့အချစ်တွေကို
ဆယ်ယူထွေးပွေ့လိုက်တော့ကွယ်...
********************************************************************
(၉)မနှင်းပွင့်ဖြူလေး
အဖြေနံပါတ်(၁)
ဆယ့်နှစ်လရာသီလုံး ချစ်သူ နဖူးပြင်ထက်က နှင်းပွင့်ဖြူဖြူလေး တစ်ပွင့် ဖြစ်ချင်တယ်။
အဖြေနံပါတ်(၂)
နှင်းပွင့်ဖြူဖြူလေး တွေ မြင်တိုင်း ချစ်သူ နှင်းပွင့်ဖြူဖြူလေး ကို သတိရဖို့ နှင်းပွင့်ဖြူဖြူလေး ပဲခေါ်နော် ။
အဖြေနံပါတ်(၃)
တစ်ခွိခွိ ချစ်စရာကောင်းသော ချစ်သူရယ်
နှစ်ပြန်ကြော် လို ကျွတ်ကျွတ် မြည်အောင် မ၀ါးစားရက်ပါဘူး
သုံးစွဲစရာ ပြတ်လပ်နေရင်တောင် ချစ်သူ အတွက်ဆို
လေးကျပ်တော့ အမြဲဖယ်ထားပါတယ်
ငါး....
ခြောက်ကြော်မကြိုက်တဲ့ တို့ကို ချစ်သူ ကိုယ်တိုင် .....
ခွန့်ကျွေးခဲ့တဲ့နေ့က
ရှစ် ထပ်ကွမ်း ပြန်အန်လိုက်တာ တို့ရဲ.
ကိုးန၀င်းလေး ဇယားပျက်သွားတာ အဖတ်
ဆယ်လို့ မရလို့ အသစ်ကနေ ပြန်စခဲ့ရလည်း ချစ်သူ ကို ချစ်တဲ့ အချစ်ကို မထိခိုက်ပါဘူး။ ချစ်သူကြီးကြီးရယ်။နော်..နော်..နော်....။
*********************************************************************
(၁၀)ကောင်မလေး
အဖြေနံပါတ်(၁)
သေးသေးမွှားမွှားအ"ကောင်"လေးတွေကို ကြောက်သလိုအချစ်ကိုလည်း ကြောက်ခဲ့ပါတယ်။ အဲ့ဒီလိုပဲ ယုံလည်း"မ"ယုံခဲ့ဘူး။"လေး"လေးနက်နက်ပြောရရင် မချစ်တတ်ဘူးဗျာ။
အဖြေနံပါတ်(၂)
"ကောင်"လေးတွေစိတ်မဝင်စား ပြန်"မ"ပြောနားမထောင်တတ်တဲ့ကောင်မလေးကို "လေး"နက်စွာ သူကခေါ်တယ်. ညီမလေး.. တဲ့။
အဖြေနံပါတ်(၃)
တစ်သက်မှာတစ်ယောက်ကိုပဲ
နှစ်သက်ခဲ့ဖူးတာပါ။
သုံးလို့မရတဲ့ အချစ်လို့ပဲဆိုဆို
လေးနက်စွာနဲ့ မင်းစကားတွေကို နားထောင်ဖို့ အသင့်ပါ။
ငါးရာနှစ်ဆယ့်ရှစ်ထက်ပိုပြီး တစ်ထောင့်ငါးရာလည်း မပြည့်ခဲ့သူပါ။
ခြောက်ပစ်ကင်း သဲလဲစင်လို့လည်း မညာချင်ဘူး။
ခွန်အားသုံးပြီးတော့လည်း မင်းအချစ်ကို မလိုချင်ဘူး။
ရှစ်နှစ်လုံးလုံး နှလုံးသားကို
ကိုးကွယ်ခဲ့ပြီးပြီမို့
ဆယ်ကမ္ဘာတိုင်လည်းချစ်နေမယ်။
********************************************************************
(၁၁)မကြယ်စင်နတ်သမီး
အဖြေနံပါတ်(၁)
"ကြယ်"တွေစုံညီလင်းလက်တဲ့ ညလေးတစ်ညမှာ အချစ်ဆိုတာ စတင်မွေးဖွားခဲ့တယ်။ ဖြူ"စင်"တဲ့ ရင်ခုန်ခြင်းတွေကို စတင်အခြေခံလို့ပေါ့။ ခိုင်မြဲတဲ့မေတ္တာတွေနဲ့ တည်ဆောက်ထားလို့ "နတ်"စည်းစိမ်နဲ့တောင် မလဲပစ်နိုင်ပါဘူး။ အဲဒီအချစ်တွေက "သ"လင်းကျောက်လို အေးမြကြည်လင်တဲ့ ကြည်နူးမှု့တွေပါပေးတယ်။ ဒါကြောင့် ရမ္မက်"မီး"လို ပူလောင်ခြင်းကင်းတယ်ဆိုတာ အသေအချာ ပြောရဲတယ်။
အဖြေနံပါတ်(၂)
အချစ်ရာ"သီ" စက်ဝိုင်းအောက်မှာ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ "ရိ"သဲ့သဲ့ စကားလေးတွေနဲ့ စတင်စုံစည်းခဲ့ကြလို့ မတည့်အတူနေလေးတွေပေါ့။ ကိုလို့ခေါ်ရင် တ"ဟေ"ဟေနဲ့ မကြားချင်ယောင်ဆောင်တတ်တဲ့သူ့ကို အမြဲစိတ်ဆိုးရတယ်။ ဒါပေမဲ့ "မာန်"မာန ကင်းစင်တဲ့ သူ့မျက်နှာဟာ မြင်နေရတော့ စိတ်မဆိုးရက်ပြန်ဘူး။ အခက်ခဲတွေကို "ကျော်"လွှားပြီး အသည်းနင့်အောင် ချစ်ခဲ့ရလို့ ချစ်သည်းလို့ ခေါ်လိုက်တိုင်း စိတ်ဆိုးပြေခဲ့ရတာကြီးပဲ။
အဖြေနံပါတ်(၃)
တစ်သက်မှာတစ်ကြိမ်သာပွင့်သောအချစ်ပန်း
နှစ်ချို့ဝိုင်လိုအချစ်
သုံးကြိမ်တိုင်တိုင်သစ္စာဆိုပြမယ်
လေးနက်တည်ကြည်စွာဖြင့်
ငါးရာနှစ်ဆယ့်ရှစ်မေတ္တာနဲ့တစ်ထောင့်ငါးရာအချစ်တူယှဉ်တွဲပေးမယ် ခြောက်ကပ်ခြင်းကင်းတဲ့မိသားစုဘဝ
ခွန်နှစ်ထွေမင်းသမီးလိုမာယာမများပါ။
********************************************************************
(၁၂)ဒဏ္ဍာရီည
အဖြေနံပါတ်(၁)
မောင့်ကို ချစ်လို့ ကျွန်မ ရင်ခွင်မှာ တစိမ့်စိမ့် နာကျင်နေမယ်ဆိုရင်တောင် အဲဒီ့ "ဒဏ်"ရာကို ကျွန်မသေတဲ့အထိ မြတ်နိုးယုယသွားမှာပါ မောင်။ မောင့်ရဲ့  လျစ်လျူပြုမှုတွေကို မုန်းတီးလာတဲ့အခါမှာ "ရှင့် အချစ်က "ဒါ" ဘဲလား လို့ မေးချင်နေခဲ့မိပါတယ်။ သို့ပေမယ့် မောင့်ရဲ့  "ရီ"ဝေဝေ မျက်လုံးတွေကြားမှာ နစ်မျောနေမိတော့ ကျွန်မရဲ့  နှုတ်ခမ်းတွေ ဆွံ့အနေခဲ့ပြန်တယ်။ အဲဒီလိုနဲ့ မရေတွက်နိုင်အောင် ကုန်ဆုံးသွားတဲ့ "ည"တွေလည်း များခဲ့ပြီမို့ … ကျွန်မချစ်မိအပြစ်ရှိ၏… လို့သာဆိုချင်ပါတော့တယ်…မောင်။
အဖြေနံပါတ်(၂)
"မမ က လည်မလိုလိုနဲ့ "အ"တယ်"။ အဲဒါကြောင့် မောင့် "ချစ်" သူလေးကို မောင်က စိတ်မချတာပေါ့။ မောင့်ရင်ခွင်ထဲမှာသာ သက်"ဆုံး"တိုင် မှေးစက်ပါတော့ကွာ။
အဖြေနံပါတ်(၃)
တစ်ဘဝမက
နှစ်ယောက်တစ်အိပ်မက် မက်ကြမယ်လို့
သုံးကြိမ်တိုင်တိုင် ရည်စူးကာ
လေးကြိမ်မြောက် ကတိပေးရင်း
ငါးကြိမ်မြောက်နမ်းရင်
ခြောက်သွေ့နေတဲ့ မောင့်အပြုံးတွေကို
ခုနှစ်စဉ်ကြယ်အလား တောက်ပစေမယ်ဆိုရင်
ခုနှစ်ထွေပါမကျန် ရှစ်ထွေပါ
ကိုးရိုးကားရား ကပြရပါစေ
ဆယ်လီစနစ်နဲ့ ဒဿမဆုံးတိုင် ပေးဆပ်နေမယ့် သူပါမောင်ရယ်။
*************************************************************************(၁၃)ကိုချီရွန်
အဖြေနံပါတ်(၁)
love ဆိုတဲ့ အချစ်ကိုto ငယ်လေးဆီ eternal တသက်စာ ထာဝရ ပေးလိုက်ပြီ ။
အဖြေနံပါတ်(၂)
ရင်နဲ့ ခတ်တဲ့ နာမ်စားချစ်သူ့နှုတ်ဖျား ချိုချိုက"ကိုကို" ခေါ်သံဗယ်လင်တိုင်းရဲ့ အနမ်းပျံ( fly kiss ) လေးပေါ့ ။
အဖြေနံပါတ်(၃)
ပထမ အချစ် ဒုတိယ အချစ် တတိယ အချစ် စတုတ္ထ အချစ်.... .............နံပါတ်စဉ်တိုင်းအတွက် အချစ်ချစ်သူအတွက် အပေးချင်ဆုံး တသက်တာ သစ္စာလက်ဆောင်က အချစ်တခုတည်းပါပဲ။ အများကြီး မလိုပါဘူး။ ဒီတခုရှိရင်ပဲ ပြည့်စုံပါစေ ချစ်သူရေ။
********************************************************************
(၁၄)မပန်းခရေ
အဖြေနံပါတ်(၁)
ပန်း"လေးလို မွှေးပျံ့ လန်းဆန်းနေတဲ့ ကျမကို "ခ"လေးတစ်ယောက်ကို ဖြူစင်ရိုးသားလို့ သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူ"ရေ"ချစ်သူကို ကျမသိပ်ချစ်ပါတယ်။ ။
အဖြေနံပါတ်(၂)
ချစ်တဲ့သူကချစ်လို့ခေါ်တာဆိုတော့ ဘယ်အခေါ်အဝေါ်မျိုးကိုမဆို လက်ခံနိုင်တဲ့ကျမကိုချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ရင်း ဖြစ်သွားတဲ့ နာမည်လေးက လွမ်းမပြယ်သည့် “ပန်းခရေ”...။
အဖြေနံပါတ်(၃)
တစ်ခုတည်းသော နှလုံးသားတစ်စုံနဲ့အချစ်တွေကို အပြည့်အ၀ပေးထားမယ်...။
နှစ်ကိုယ်တူဘ၀လေးကို တည်ဆောက်ရာမှာရိုးသားမှုတွေအားလုံးကိုလည်း ပေးထားမယ်..။ သုံးနှစ်သုံးမိုးချစ်ခဲ့တာမဟုတ်ပေမယ့် ရင်ထဲမှာတော့ နှစ်သုံးဆယ်မက ချစ်နေဆဲပါ..။
လေးနက်မှုများစွာနဲ့ အပြည့်အ၀ချစ်မိတာပါ..။
ငါးရာနှစ်ဆယ့်ရှစ် မေတ္တာလေးပါ ပေါင်းစပ်ရင်းချစ်မိတဲ့ အတွက် အေးမြတဲ့ငါ့ချစ်ခြင်းပါ..။ ခြောက်သွေ့တဲ့ဘ၀လေးထဲကို အချစ်တွေနဲ့အတူ ၀င်ရောက်လာတဲ့ ချစ်သူကို အရမ်းချစ်တယ်.။ ခွန်အားများစွာပေးစွမ်းနိုင်တဲ့ အချစ်ကို ထူးဆန်းစွာပဲချစ်မိပါတယ်..။
ရှစ်နှစ်ကြာအောင် ချစ်သူမဖြစ်ကြပေမယ့် အနှစ်ရှစ်ဆယ်တိုင်အောင်ချစ်ပါ့မယ်..။
ကိုးစားယုံကြည်မိတဲ့ နင့်အချစ်တွေကို ယုံကြည်ကိုးစားရင်းချစ်နေမယ်..။
ဆယ်ကမ္ဘာတိုင်အောင် ချစ်ပ့ါမယ်ဆိုတဲ့ စကားထက်လေးနက်သေးရင် ဒီထက်များစွာချစ်ပါ့မယ်..။
*************************************************************************
ကဲ အားလုံးပဲ ဆီဗုံးမှာ မဲပေးကြပါခင်ဗျာ။ (၁)ဘယ်သူ့ရဲ့ အသုံးနှုန်းလေးက နူးညံ့ပါသလဲ? (၂)ဘယ်သူ့ရဲ့ အခေါ်ဝေါ်လေးက နားဝင်ချိုပါသလဲ? (၃)ဘယ်သူ့ရဲ့ ချစ်သူ့လက်ဆောင်က နက်ရှိုင်းပါသလဲ? ပြိုင်ပွဲလေးကို ဒီတင်ရပ်နားပါ့မယ်။ ဆု ရရှိသူများအား ၁၆ရက်နေ့ ည ၁၂နာရီ(မြန်မာ စံတော်ချိန်)မှာ ကြေညာပါ့မယ်ခင်ဗျာ။
Read
More...
Summary
only...