Feb 1, 2008

မေမေ

ပန်းပွင့်တွေ
အလှဆုံးပွင့်စမ်း
ဘယ်သူတွေ
ဘယ်လိုပန်းပွင့်မျိုးကိုနှစ်သက်ပါစေ
မေမေ့နှုတ်ခမ်းမှာ ပွင့်တဲ့ အပြုံးပန်းပွင့်လို
လှတဲ့ ပန်းတစ်ပွင့်လောက်ရှိရင်
လက်ညိုးထိုးပြပါလား။ ။

အေးစမ်းပါ့ စမ်းရေတွေ
စမ်းချောင်းလေနား သွားထိုင်မိတာနဲ့
ရင်ကိုအေးမြစေသားလို့ ဆုမတောင်းပဲပြည့်တဲ့သူ
မေမေရဲ့ အေးမြချိုသာတဲ့
စကားသံ၊ အရီ(ရယ်) အပြုံးလေးတွေကို
ယှဉ်နိုင်ခဲ့ရဲ့လား။ ။

အဆင့်အတန်းတွေ
တဖြည်းဖြည်း မြင့်လာတော့
မိုးထိမြင့်တိုက်တွေမှာ ပျော်နေကြတယ်။
ဒါပေမယ့်...
မေမေ့ရဲ့ ဟိုးအောက်ဆုံးက
မျက်ဝန်းနဲ့ ဆောက်ထားတဲ့ တဲအိမ်အိုလေးကို
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့များ
နှိုင်းရက်လေသလဲ။ ။

လက်ဖ၀ါးနုနုက
မြေပေါ်သွေးစက်ကျ
အာခေါင်မှာရေငတ်နေတာတောင်
သား...တဲ့။ ။

သားအတွက်လေ...
ပန်းတွေတိုင်းထက်
မေမေလှအောင်ပြုံးတယ်။ ။

မေမေ့မှာ ရှေ့ရေးအတွက်
မီးတွေတဟုန်းဟုန်းတောက်နေတာတောင်
အေးချိုစွာ စကားပြောနေတယ်။ ။

တစ်ခါတစ်ခါ
ဟိုးမိုးပေါ်က တိုက်တာတွေကိုကြည့်ရင်
မေမေမျက်ရည်ကျတယ်။ ။
သြော်...အမေ့ရဲ့ တဲအိုပျက်လေးမှာ
သားနေသာရဲ့လား...တဲ့။ ။

မေမေ...
သားကွယ်ရာမှာ ပုန်းခိုနေတဲ့
မေမေ့မျက်ရည်တွေ မကျနဲ့တော့နော်။ ။

မေမေ...
အပူမီးတွေကြားထဲကနေ
ဟန်ဆောင်ပြီး မပြုံးပြပါနဲ့တော့နော်။ ။

မေမေ...
စကားသံတွေ ထစ်အမသွားပါနဲ့လား
အရင်ကလိုပဲ ဆုံးမစကားတွေ ပြောပြပါနော်။ ။

အလိုချင်အမက်မောဆုံးက
မေမေ့တဲအိုလေးထဲမှာ
မကွယ်ဝှက်တမ်း
ဟန်ဆောင်မှုကင်းကင်းနဲ့
သာယာတဲ့ မိသားစုဘ၀လေးပါ မေမေ။ ။

2 ခု မှတ်ချက်ရေးသွားတယ်:

မောင်မျိုး said...

ညီလေးရေ့...
ကဗျာလေးကကောင်းလိုက်တာ မိခင်မေတ္တာကို အပြည့်အ၀ဖော်ကြူးထားတာပဲ ....
မိခင်ရဲ့ မေတ္တာကို ဘယ်လိုအရာမှမယှဉ်နိုင်ဘူးလေ.. နှိုင်းပြထားတဲ့အသုံးနှုန်လေးတွေ
အရမ်းကိုလှတယ်......
အားပေးနေတယ်ဗျ

ChIr0N said...

ကောင်းပါ့ ကောင်းပါ့ ကောင်းပါ့ ဟဲဟဲ အဲဒါ ကောင်းချီးပေးတယ်လို့ ခေါ်တယ် ညီရ။ ကဗျာလေး တော်တော် ကောင်း။